ပေါက်ခေါင်း ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် စည်ပင်သာယာမြို့မဈေးကြီးအတွင်း ဈေးရောင်းဈေးဝယ်သည့်ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ်နည်းသရုပ်ပြ ဆောင်ရွက်ခြင်းနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ဈေးဆိုင်ခန်းများအား စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဦးစွာမြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင်က ဈေးသူဈေးသားများအား ဈေးအတွင်းမီးလောင်မှုမဖြစ်ပွါးစေရေးအတွက် မီးဖိုမီး၊ လျှပ်စစ်မီးများ စနစ်တကျအသုံးပြုကြပါရန်၊ မီးသုံးစွဲပြီးလျှင် မီးကြွင်းမီးကျန်မရှိစေရန် ရေဖြင့်စနစ်တကျ ငြှိမ်းသတ်ရန်တို့ကို အသိပညာပေးပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဈေးဆိုင်ခန်းများတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးများဖြင့် မီးငြိမ်းသတ်နည်း၊ ရေစိုအဝတ်၊ ရေစိုစောင်များဖြင့် ဖုံးအုပ်မီးသတ်နည်းများကို ဈေးရောင်းချသည့် ပြည်သူများအား သရုပ်ပြသဆောင်ရွက်ပေးသည်။ ယင်းသို့မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြပြီး၊မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများမီးဖိုမီးနှင့် လျှပ်စစ်မီးများအသုံးပြုရာတွင် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးတို့အတွက် ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)