ညောင်တုန်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာ၊ စူပါလိ(ဖ်)နှင့် အစ္စရေးမြတ်ချို သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့ နံနက် ၉နာရီအချိန်က ပဲရုံဆိပ်ကျေးရွာရှိ ဦးမြတ်သိန်းထွန်း၏ လယ်မြေ(၅.၅၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
သရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးကျော်မျိုးထက်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာမြက်ပွင့်ဖြူနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံမွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာမြတ်ပွင့်ဖြူက တိရစ္ဆာန်အစာပင် နေဗီယာ၊ စူပါလိ(ဖ်)နှင့် အစ္စရေးမြတ်ချို စိုက်ပျိုးအသုံးပြုခြင်းဖြင့် လွှတ်ကြောင်းစနစ်မှ အစာကျွေးစနစ် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးလာစေရန်၊ ပြည်တွင်း ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းများအတွက် အဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းစေသော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်စေရန်၊ အစာရှားပါးချိန်တွင် အဟာရကြွယ်ဝသောအစားအစာအဖြစ် ကျွေးမွေးနိုင်ရန်နှင့် နေဗီယာမြတ်ကို နွားစာအဖြစ်ကျွေးမွေးပါက လိုအပ်သောအဟာရဓာတ်ပမာဏများ ပြည့်ဝစွာရရှိစေသောကြောင့် စိုက်ပျိုးထားရှိခြင်းဖြစ်ကြောင်း အသိပညာပေးရှင်းလင်းပြောကြား၍ တက်ရောက်လာသူများက တိရစ္ဆာန်အစာပင်နေဗီယာမြတ် သရုပ်ပြစိုက်ပျိုးမှုအား ကြည့်ရှုလေ့လာ ခဲ့ကြောင်းသိရသည်။
ထက်ဝေဖြိုး (ပြန်ဆက်)