ကျောင်းကုန်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရောင်ပြစ်ကွင်းအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) သုံးခွ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(ခွဲ)သုံးခွ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမာလွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်ကိုက ကုန်စည်များနှင့် စပ်လျဉ်းပြီး ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် သတိပြုရမည့် ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဦးထွန်းထွန်းဝင်းက လူငယ်နှင့် အားကစား အခွင့်အလမ်း ခေါင်းစဉ်ဖြင့် ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမြို့ နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးတို့ ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံး (ကာယ) ဒုတိယဦးစီးမှူး ဒေါ်ခင်သူဇာစုက သဘာဝဘေးအန္တရာယ်အကြောင်း ပြောကြားခဲ့ပြီး၊ အားကစားမှူး ဦးထွန်းထွန်းဝင်းက ဘောလုံး (၁)လုံးပေးအပ်ရာ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမာလွင်က လက်ခံ ရယူခဲ့သည်။
အခမ်းအနားအပြီး၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသော "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး၊ ကျောင်းသား/သူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များ ဖတ်ရှုစေခဲ့ပြီး၊ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ နံရံကပ် စာစောင် ပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)