ပွင့်ဖြူမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် သက်ဆိုင်သည့် ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်ထိခိုက်မှုဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ပွင့်ဖြူ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် သက်ဆိုင်သည့် ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါ ဂေဟစနစ် ထိခိုက်မှုဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အသိပညာပေး ဆွေးနွေးပွဲတွင် ဦးစွာ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ပလတ်စတစ်ကြွပ်ကြွပ်အိတ်များ အလွန်အကျွံသုံးစွဲခြင်းနှင့် စည်းကမ်းမဲ့ စွန့်ပစ်မှုများကြောင့်  ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ် ထိခိုက်မှုဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်မှုများကို လျှော့ချသွားနိုင်ရေး၊ သဘာဝပတ်ဝန်းကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကျင်းပပြုလုပ်ရာ ဦးဆောင်ပါဝင်ဆွေးနွေးသူ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club)မှ အတွင်းရေးမှူး ဦးကျော်စိုး(ပညာရေးငြိမ်း)က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍနှင့် သက်ဆိုင်သည့် ပလတ်စတစ် ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်ထိခိုက်မှုများနှင့် ပတ်သက်ပြီး ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းနှင့် စည်းကမ်းမဲ့ စွန့်ပစ်မှုများကြောင့် ရေနေဂေဟစနစ်အတွင်းသို့ ပလတ်စတစ် အမှိုက်များ ဝင်ရောက်မှုဖြစ်ပေါ်ကာ အဏ္ဏဝါသက်ရှိသတ္တဝါများအတွက် သေကြေပျက်စီးမှုဖြစ်ပွားခြင်း၊ တစ်ဖြေးဖြေး မျိုးသုန်းပျောက်ကွယ်ခြင်း၊ ယင်း ပလတ်စတစ် အမှိုက်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်စေခြင်း၊ ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ရာ၌ အသုံးပြုထားသော ဓာတုပစ္စည်းများကြောင့် ကျန်းမာရေးကို ထိခိုက်စေသည့် အပြင် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် သေးငယ်သော မိုက်ခရို ပလတ်စတစ်များအဖြစ် ပြိုကွဲသွားပြီး အစာကွင်းဆက်ထဲ ရောက်ရှိနိုင်သဖြင့် အဏ္ဏဝါသက်ရှိများနှင့် လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ၊ ထိုသို့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် ဆိုးကျိုးများစွာ ဖြစ်စေသည့်အတွက် အာဆီယံဒေသများတွင် နိုင်ငံအလိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် အဏ္ဏဝါအမှိုက် သရိုက်လျှော့ချရေး လုပ်ငန်းကို မဟာဗျူဟာများချမှတ်ပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အာဆီယနိုင်ငံများ နည်းတူ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်(၂၀၁၈-၂၀၃၀)တွင် ရည်မှန်းချက်ပန်းတိုင်(၆)ခုကို အခြေခံချမှတ်ပြီး ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို အဓိကဦးစားပေး ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ၌ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေး သက်ဆိုင်ရာဦးစီးဌာနများမှ အဏ္ဏဝါအမှိုက်သရိုက်လျှော့ချရေးအတွက် တစ်ခါသုံး ပလတ်စတစ်အသုံးပြုခြင်းကို လျှော့ချနိုင်အောင် အသိပညာပေးခြင်း၊ ပလတ်စတစ်အစား ထိုးပစ္စည်းများ သုံးစွဲရေး ပညာပေးစည်းရုံးဆောင်ရွက်ခြင်း အပတ်စဉ် စုပေါင်းအမှိုက်ကောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်းစသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများနှင့် ပလတ်စတစ်ပစ္စည်းများ စည်းကမ်းမဲ့ အလွန်အကျွံ သုံးစွဲခြင်း၏ ဆိုးကျိုးများကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။

ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် ပြည်သူများ အားလပ်ချိန်တွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် ဖွင့်လှစ်ထားရှိပြီး သုတ/ရသ စာအုပ်စာစောင် များကို အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )