မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၆/၂၀၂၃) အစည်းအဝေးသို့တက်ရောက်

မကွေး ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသောလုပ်ငန်းများကို ရှာဖွေဖော်ထုတ်ပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်ရန်နှင့် ဒေသ၏ စီးပွားရေးတိုးတက်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူမှုပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဒေသနှင့်ကိုက်ညီသည့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် Target ထားပြီး ဖိတ်ခေါ်ရမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လိုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တွင် လေအားလျှပ်စစ် စီမံကိန်းများလည်း အပါအဝင်ဖြစ်ပါကြောင်း၊ လေအားလျှပ်စစ် စီမံကိန်းသည် ပတ်ဝန်းကျင်ကို မထိခိုက်စေသည့်အပြင် နိုင်ငံ၏လျှပ်စစ်လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးရာရောက်ပြီး နိုင်ငံ၏အခြေခံအဆောက်အဦကိုလည်း တိုးတက်မည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် အဆိုပါ ကဏ္ဍတွင် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည်များ ကူညီ  ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ အနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ထိတွေ့ဆက်ဆံရာတွင် ကြုံတွေ့ရသော အတွေ့အကြုံများကိုအခြေခံပြီး ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ကောင်းဖြစ်စေရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း စီးပွားရေး လုပ်ဆောင်ရာတွင် လိုက်နာရမည့် စံတန်ဖိုးများနှင့် အညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနများအနေဖြင့် လုပ်ငန်းရှင်များလုပ်ငန်း ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန်နှင့်  စီးပွားရေး လုပ်ငန်းများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် အစည်းအဝေးတွင်  ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၏ တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ဆွေးနွေး ခြင်းနှင့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့်လုပ်ငန်းများအပေါ် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ် စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

မောင်ညီညာ