တောင်ငူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

 တောင်ငူ ဇွန် ၂၃

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ကို ဆိုကြိုဂုဏ်ပြုသောအားဖြင့် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက  ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲအားစတင်ခဲ့ကာ ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် နှစ်သိမ့်ဆုရရှိသူများကို ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုး၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်ထွေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်နှင့်  တာဝန်ရှိသူများက  ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပန်းချီပြိုင်ပွဲဝင် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ခင်းကျင်းပြသခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)