ပန်းတနော်၊ ဇွန် ၂၃
၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာများဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများကို ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနှင့် မြို့နယ်ဥပဒေအရာရှိတို့မှ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လက်ဝယ်ကိုင်ဆောင်မှုအတွက် ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)