မြဝတီ ဇွန် ၂၃
ကျောင်းသားလူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများတိုးပွားစေရေး လူငယ်ရေးရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အလက(၄)ကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်တွေအတွက်ပညာရေးဟာ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ လူငယ်ဘဝပညာသင်အရွယ်မှစပြီး မိမိဝါသနာဗီဇစရိုက်နဲ့ ကိုက်ညီတဲ့ ရည်မှန်းချက်ရှိရမှာဖြစ်ပါကြောင်း၊ အဲ့ဒီရည်မှန်းချက်ကိုလည်း ဆန္ဓာဓိပတိထားပြီး ကြိုးစားရမှာဖြစ်ပါကြောင်းနှင့် လူငယ်နှင့်အလေ့အထဆိုးများ၊ လူငယ်နှင့်အလေ့ထကောင်းများအား အသိပညာပေး ဟောပြောသည်။
ထို့နောက် မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ရအောင်က ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး၊ လူတို့၏ နေထိုင်ပြုမူမှုများကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများ၊ သဘဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန် နည်းလမ်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများအား အသိပညာပေး ဟောပြောပြီး ကျောင်းအုပ်ဆရာကြီး ဦးမိုးမြင့်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အသိပညာပေးဟောပြောပွဲတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်ပြဘုတ်များအား ကျောင်းသား၊ကျောင်းသူများက ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)