ချောင်းသာ(အ.ထ.က)၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ချောင်းသာ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကျောင်းသားလူငယ်များအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်က ချောင်းသာ (..က)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား/သူများအား ဆေးထိုးစုရပ်သို့ ရောက်ရှိသည်နှင့် ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်တိုင်းတာခြင်းနှင့် ဆေးမထိုးမီ နာရီဝက်ခန့် နားနေစေခြင်း၊ ဆေးထိုးပြီးသောအခါတွင်လည်း နာရီဝက်ခန့် နားနေစောင့်ကြည့်ခြင်းများဖြင့် ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ချောင်းသာမြို့ တိုက်နယ်ကျန်းရေးဌာနမှ ဝန်ထမ်းများနှင့် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ ၃၄၃ ဦးရှိကြောင်း သိရှိရသည်။

ကျော်ကျော် (ပြန်/ဆက်)