ကြို့ပင်ကောက် ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက အုန်းတောကျေးရွာအုပ်စု အုန်းတောကျေးရွာ တောင်သူ ဦးရဲခင်၏စိုက်ကွက်တွင် သရုပ်ပြစိုက်ပျိုးခဲ့သည်။
တောင်သူဦးရဲခင်၏ နို့စားနွားမွေးမြူရေးလုပ်ငန်းတွင် နို့စားနွားအကောင် ၅၀ မွေးမြူထားရာ တိရိစ္ဆာန်အစာပင်စိုက်ပျိုးပြီး မွေးမြူရေးအစာ အစားထိုးကျွေးမွေးခြင်းဖြင့် အစာဘိုးကုန်ကျစရိတ် သက်သာခြင်း၊ မွေးမြူရေးနွားအသားထွက်နှုန်း နို့ထွက်နှုန်းတိုးလာခြင်း အခြားသောတိရိစ္ဆာန် ကြက် ဝက် ဘဲ တို့ကိုတွဲဖက်မွေး မြူနိုင်ခြင်းစသော အကျိုးကျေးဇူးများကြောင့် တိရိစ္ဆာန်အစာပင် တစ်ဧကအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကူညီမှုဖြင့် စိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုငြိမ်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာအေးနုဖြူနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ စိတ်ပါဝင်စားသည့် ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။
ဇေယျာထွန်း(ပြန်/ ဆက်)