နတ်မောက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

နတ်မောက် ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများဖြစ်သည့် တံခွန်တိုင်ကျေးရွာ၊ အိုးဘိုကျေးရွာနှင့် ကြူချောင်းကျေးရွာတို့တွင် ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

ရှေးဦးစွာ မြို့နယ်ကျေးရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိမှ မိမိတို့ဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက်များ ပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါ စီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ကျေးရွာတစ်ရွာအတွက် လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀) နှင့် ပြည်သူထည့်ဝင်ငွေတို့ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း  ရှင်းလင်း ပြောကြားပြီး ကျေးရွာကော်မတီဝင်များ ရွေးချယ်မှုနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းတို့ တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသားများက စီမံကိန်းကော်မတီဝင်များအား တစ်ဦးချင်းမဲပေး၍ ကျေးရွာနှစ်ရွာတွင် ကော်မတီရွေးချယ်ဖွဲ့စည်း ပေးခဲ့ကြောင်း မြိုနယ်ဦးစီးအရာရှိ ဒေါ်အေးမြသန္တာထံမှ သိရသည်။

မူမူစန်း