ကန့်ဘလူမြို့နယ်၌ စက်ကိရိယာဖြင့် အစေ့ထုတ်ပြောင်း မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ကန့်ဘလူ ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော စက်ကိရိယာဖြင့် မိုးအစေ့ထုတ်ပြောင်း စံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို နတ်ပေးကျေးရွာ ကွင်းအမှတ် ၅၇၁၊ ဦးပိုင်အမှတ် ၁၀၅ တောင်သူဦးတင်ထွန်း၏ စိုက်ပျိုးမြေ ၃ ဧကတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြစိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက် လေ့လာကြည့်ရှုခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးအောင်က အချိန်ကုန် လူပင်ပန်းသက်သာစေသည့်အပြင် လယ်ယာလုပ်သား ရှားပါးမှုနှင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် အထောက်အကူပြုရေးအတွက် စက်ကိရိယာဖြင့် မျိုးစေ့ချ စိုက်ပျိုးခြင်း သရုပ်ပြသရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်က ယခုစက်ကိရိယာဖြင့် ပင်ကြားတန်းကြား(၂ ပေ× ၉ လက္မ) စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ မိမိတို့ကြိုက်သလို ချိန်ညှိ၍လည်းရကြောင်း၊ မြေဩဇာ ကျွေးခြင်းနှင့် အပင်ဖြစ်ထွန်းချိန်အလိုက် ပိုးမွှားရောဂါကျရောက်မှုမရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများက အစေ့ထုတ်ပြောင်း စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြ စိုက်ပျိုးကြရာ တက်ရောက်လာကြသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်း ၁၃၆၆၂၄ ဧကနှင့် ဖူးစားပြောင်း ၆၈၁ ဧကလျာထားရာ မေလကစတင်စိုက်ပျိုးခဲ့ပြီး အစေ့ထုတ်ပြောင်း ၅၅၂၇ ဧကနှင့် ဖူးစားပြောင်း ၁၈ ဧကစိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)