ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ဆေးကုသပေးခြင်းများဆောင်ရွက်

ပန်းတောင်း ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးကုသပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ဆေးကုသပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ လာရောက်အားပေးကြည့်ရှုကာ လိုအပ်သည်များကိုမှာကြား၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာ၍လည်းကောင်း၊ ဆီချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါအစရှိသော ရောဂါများကို အခမဲ့စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို နံနက် (၉:၃၀)မှ (၁၂:၀၀)ထိ အခမဲ့ဆေးကုသပေးလျက်ရှိရာ အမျိုးသားလူနာသစ်(၈)ဦး၊ အမျိုးသားလူနာဟောင်း(၃၁)ဦး၊ အမျိုးသမီးလူနာသစ်(၄)ဦး၊ အမျိုးသမီးလူနာဟောင်း(၂၆)ဦး၊ စုစုပေါင်းလူနာ (၆၉)ဦးတို့အား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးထံမှ သိရသည်။

မြို့နယ် (ပြန်/ ဆက်)