မြောင်းမြ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉:၃၀ နာရီအချိန်တွင် မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်လုပ်ငန်း စတင်ခြင်းအထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးက အဖွင့်အမှာစကား ပြောကြားခြင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းဝင်းမှ မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်လုပ်ငန်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်း ပြောကြားခြင်း၊ အတက်ရောဂါရှိသူများအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို ရှင်းလင်း ပြောကြားခြင်း၊ အမျိုးသမီးများနှင့် ကလေးများအတွက် အတက်ရောဂါအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခြင်း၊ အတက်ရောဂါရှိသူ အမျိုးသမီးများအား ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ အတက်ရောဂါသည် စိတ်ရောဂါမဟုတ် ဦးနှောက်နှင့်ဆိုင်သော ရောဂါတစ်မျိုးဖြစ်ကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် တက်နေသောလူနာများအား အရေးပေါ်ပြုစုကုသခြင်း နည်းလမ်းများကိုပါ ရှင်းလင်း ပြောကြားပြီး အတက်ရောဂါ ပညာပေး video ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား အမျိုးသမီးနှင့် ကလေးများအတွက် အတက်ရောဂါအကြောင်း သိကောင်းစရာ၊ အန္တရာယ်ကင်းဝေး အတက်ရောဂါဘေး၊ သင်သိထားစရာအတက်ရောဂါ စသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)