အုတ်တွင်း ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက ဘုရားနှစ်ဆူကျေးရွာအုပ်စု နတ်ရေတွင်းကျေးရွာနေ တောင်သူဦးတိုးတိုး၏ ယာမြေတစ်ဧကတွင်နေဗီယာမြက် တစ်ဧကစိုက်ပျိုးနေမှုများ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးညီညီ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဘုရားနှစ်ဆူကျေးရွာ အုပ်ချုပ်ရေးမှူးတို့သွားရောက်၍ နေဗီယာမြက်မျိုးများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေဗီယာမြက်စိုက်ပျိုးခြင်းဖြင့် ကျွဲ၊ နွားမွေးမြူရေးအစာရှားပါးမှု လျော့နည်းစေခြင်း၊ အာဟာရ ဓာတ်ကြွယ်ဝသောအစာများရရှိခြင်း၊ ကောင်းမွန်သော ကျွဲ၊ နွားအစာများရရှိစေခြင်း၊ ပရိုတင်း ဓာတ်ပမာဏများစွာပါဝင်သည့်အတွက် ကျွဲ၊ နွားများအား ဟာရပြည့်ဖြိုးသော အစာများစားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်စေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် တိရိစ္ဆာန်အစာပင်နေဗီယာမြက်မျိုးကို စိုက်ပျိုးရခြင်းဖြစ်သည်။
ထို့နောက် နေဗီယာမြက်မျိုးအဆစ်ပေါင်း၂၇၀၀ဖြန့်ဝေပေးခဲ့ပြီး အဆိုပါမြက်များကို သုံးလကျော်တွင် စတင်ရိတ်သိမ်း၍ရကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ ဆက်)