ထားဝယ် ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီး၍ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဆရာ/မများနှင့် ကျောင်းသား/သူများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အကြိုညှိနှိုင်းအစည်းအဝေးနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အကြိုညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခြင်းဖြင့် ပညာသင်ကြားနေကြသော ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများအနေဖြင့် ငလျင်ဘေး ဖြစ်ပွားလာပါက စနစ်တကျ တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည်ပြီး ငလျင်ဘေးနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များကို သိရှိသွားမှာဖြစ်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်ခန်းအား ဆရာ/ဆရာမများနှင့် ကျောင်းသူ/သားများအား တက်ရောက်ပါဝင်ဆောင်ရွက်ကြရန်နှင့် ထိုသို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် “ဘေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော စာသင်ကျောင်းတစ်ကျောင်း” ဖြစ်လာနိုင်ကြောင်း၊ စာသင်ကျောင်းအနေဖြင့်လည်း ဘေးကင်းလုံခြုံမှုကို တိုးမြှင့်နိုင်မှာဖြစ်သည့်အတွက် “ကြိုတင်ပြင်ဆင်ခြင်းမှသည်ပြည်သူအားလုံး ဘေးကင်းလုံခြုံမှုဆီသို့” ဆောင်ပုဒ်နှင့်အညီ တစ်ဦး တစ်ယောက်ချင်းမှသည် အဆင့်ဆင့် အသိပညာများ လက်ဆင့်ကမ်း ဖြန့်ဝေသွားနိုင်ရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးက ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့သို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးငြိမ်းသတ်ယာဉ်၊ လူနာကူညီသယ်ဆောင်ရေးယာဉ်များဖြင့် အလျင်အမြန် ရောက်ရှိနေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား အသုံးပြု၍ ကယ်ဆယ် ခြင်းများကို လျင်မြန်စွာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ငလျင်လှုပ်ခတ်ပြီးသည့်နှင့် တစ်ပြိုင်နက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကျောင်းအဆောက်အဦအတွင်း ပိတ်ဆို့ဖိမိနေသူများအား လိုက်လံရှာဖွေပြီး ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ အသုံးပြု၍ အဆောက်အဦအပြင်ဘက်သို့ လျင်မြန်စွာ ကယ်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
၄င်းနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို လွှဲပြောင်းပေးအပ်ရာ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့များက ဆက်လက်သယ်ဆောင်၍ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ် နှလုံးနှိုးဆွ အသက်ရှုနည်းဖြင့် ပြုစုပေးခဲ့ကြပြီး ကယ်ဆယ်ရေးယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခြင်းနှင့် မိဘများထံ စနစ်တကျ လွှဲပြောင်းပေးခြင်းတို့ကို အချိန်တိုအတွင်း အလျင်အမြန် ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ပေးသော အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)