စစ်ကိုင်းခရိုင်ရုံးတွင် ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

စစ်ကိုင်း ဇွန် ၂၃

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဦးအောင်အောင်ထွေးက အသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေး နွေးပေးပြီး စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကလေးအလုပ်သမားအဓိပ္ပါယ်၊ ဘေးဥပါဒ် ကျရောက်နေသော ကလေးအလုပ်သမားများ၊ ကလေးအလုပ်သမားများ ရင်ဆိုင်ရခြင်း၊ အလုပ်ရှင်များ၏ တုံ့ပြန်ချက်နှင့် စိစစ်ခြင်း၊ ကလေးအလုပ်သမားများ၏ အကျိုးဆက်များ၊ ကလေးအလုပ်သမား ဆန့်ကျင်ရာတွင် အလုပ်ရှင်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ကလေးအလုပ်သမား တိုက်ဖျက်ရန် အလုပ်ရှင်အဖွဲ့အစည်းများအတွက် အကြောင်းပြချက်များ၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များစသည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ အခြေခံပညာကျောင်း များမှ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်သိပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်