ကံမ အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကြို့ပင်ကျေးရွာအုပ်စု အထက်မီးပေါက်ကျေးရွာ အနီးရှိ မဒေးရေလှောင်တမံ ရေပိုလွဲမှ ယနေ့နံနက် ၇ နာရီအချိန်က စတင်ရေကျော်စီးဆင်းခဲ့ပြီး ယနေ့မွန်းတည့် ၁၂ နာရီ အချိန်တွင် ကန်ရေပြည့် အမှတ် ၄၃၄.၀၀ ပေအား ကျော်လွန်၍ ၄၃၅.၆၀ ပေသို့ရောက်ရှိပြီး ရေပိုလွှဲမှ ၁၆၀ ပေ စီးဆင်းလျက်ရှိသဖြင့် တမံအောက်ဘက်တွင်ရှိသော ကျေးရွာများမှ ပြည်သူများသိရှိနိုင်ရန် အရေးပေါ် ရေကျော် အခြေအနေကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁)အဖြစ် သတ်မှတ်ပြီး အစိမ်းရောင်အလံများ စိုက်ထူကာ အသိပေးထားကြောင်း မဒေးရေလှောင်တမံ ဦးစီးအရာရှိ ဦးမျိုးမြင့်ထံက သိရသည်။
အဆိုပါ အသိပေး အစိမ်းရောင်အလံများကို တမံရေလွှဲဆည်နှင့် ကြို့ပင်ကျေးရွာအုပ်စု၊ ၊ စီကျေးရွာအုပ်စု ပျဉ်ထောင် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးရုံးများတွင် ပြည်သူများသိရှိနိုင်ရန် စိုက်ထူပေးထားကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်စရာ အခြေအနေ မရှိသေးပါကြောင်း ပြည်သူများ သဘာဝဘေးအန္တရာယ် ကင်းရှင်း စေရေးအတွက် ရေလှောင်တမံ အခြေအနေများကိုအချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် အသိပေးနှိုးဆော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ ဦးမျိုးမြင့်က ပြောကြားခဲ့ကြောင်းသိရသည် ။
ကျော်ဇေယျဝင်း(ကံမ)