မြိတ် ဇွန် ၂၃
မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကျင်းပလျက်ရှိသော ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ နံနက်(၁၀)နာရီက တက္ကသိုလ် အားကစားခန်းမတွင် ကျင်းပသည်။
ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် (၃)ယောက်တွဲပြိုင်ပွဲနှင့် (၂)ယောက်တွဲ ပြိုင်ပွဲ အမျိုးအစားတို့ဖြင့် ကျင်းပခဲ့ပြီး (၃)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲကို ဘူမိဗေဒအသင်းနှင့် ဓာတုဗေဒအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
(၃)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဘူမိဗေဒအသင်းက ဓာတုဗေဒအသင်းအား (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့အတူ (၂)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲတွင်လည်း ဘူမိဗေဒအသင်းက ဓာတုဗေဒအသင်းကို (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပြိုင်ပွဲကို ဘာသာရပ်ပေါင်းစုံမှ ပိုက်ကျော်အသင်း(၇)သင်း၊ ပြိုင်ပွဲဝင် အားကစားသမား(၅၀)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဇွန်လ(၁၉)ရက်မှ(၂၃)ရက်အထိ ကျင်းပခဲ့သည်။
ဗိုလ်လုပွဲအပြီး၌ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာ ပြိုင်ပွဲတလျှောက် တာဝန်ယူဆောင်ရွက်ပေးကြသည့် ဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်၊ (၃)ယောက်တွဲပြိုင်ပွဲနှင့် (၂)ယောက်တွဲပြိုင်ပွဲတို့၌ အကောင်းဆုံးအားကစား သမားဆု၊ အကောင်းဆုံးရိုက်ခုတ်ဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံးနောက်ထိန်းဆု၊ တတိယ၊ ဒုတိယနှင့် ပထမဆုရရှိကြသော အားကစားသမား များအား တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် လည်ဆွဲဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် (၂)ယောက်တွဲ ပြိုင်ပွဲတွင် ပထမရရှိခဲ့သော အသင်းအား ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးမိုးလွင်နှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမရရှိခဲ့သော အသင်းအား မြိတ်တက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီနာယက၊ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းတို့က တံခွန်စိုက် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)