ပွင့်ဖြူ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းဖွင့်ရာသီကာလ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် အားလပ်ချိန်များတွင် မိမိအတွက် အကျိုးရှိမည့် သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြစေလိုကြောင်း၊ "အလိမ္မာ စာမှာရှိ" ဆိုသည့် စကားအတိုင်း စာပေဖတ်ရှုခြင်းသည် ကိုယ် ၊ စိတ်၊ နှလုံး အသိအလိမ္မာ တိုးပွားစေပြီး အကောင်း၊ အဆိုးကို ဝေဖန်ပိုင်းခြားနိုင်ကြောင်း၊ စာပေဖတ်ရှုလိုသောသူများကို မိမိတို့ဌာနအနေဖြင့် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ဖွင့်လှစ်ပြီး အခမဲ့ ငှားရမ်းပေးလျက်ရှိပါကြောင်း ဆွေးနွေးဟောပြောသည်။
ဆက်လက်၍ ပွင့်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးမိုးအောင်က လူကုန်ကူးမှုအန္တရာယ်ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရမည့်အချက်များ၊ လူကုန်ကူးမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများ၊ လူကုန်းကူးခံရပါက တွေ့ကြုံရမည့် ဆိုးကျိုးများနှင့် အကူအညီရယူရန် ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်အချက်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်သော ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး သိကောင်းစရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ ခင်းကျင်းပြသခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )