လေးမျက်နှာ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကွင်းကြီးကျေးရွာအုပ်စု ကွင်းကြီး ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ကော်မတီများ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးကျော်သူမှ ကျေးရွာတွင်း ဆောင်ရွက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းဆောင်ရွက်ရန် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော် ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသည့်ကျေးရွာများကိုသာ စီမံကိန်း ဆောင်ရွက်ခွင့်ရသောကြောင့် မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်းကူညီဆောင်ရွက် ကြစေလိုကြောင်းနှင့် စီမံကိန်းဆောင်ရွက်မှုကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဆန္ဒမဲစနစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းကော်မတီဝင်များ ရွေးချယ်ပေးခဲ့သည်။
လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာ များ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း၊ ကျေးရွာလျှပ်စစ်မီး ရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ ရေးဆွဲပြီးဆောင်ရွက်လျက်ရာ ကျေးရွာနေ ပြည်သူများ၏ လူမှုဘဝနေထိုင်ရေးအတွက် များစွာအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)