လှိုင်းဘွဲ ဇွန် ၂၃
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ရုံးစိုက်ရာ မဲသိမ်ကုန်း၌ အမှတ်(၂)တပ်နယ်အတွင်းရှိ ကျောင်းပေါင်း (၅၆)ကျောင်းမှ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား တပ်ဖွဲ့ဝင်မိသားစုများမှ ကူညီထောက်ပံ့ခြင်း အခမ်းအနား ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မဲဆမိတ်ကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒရမှ ဩဝါဒစကား မိန့်ကြားပြီးနောက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်စောဖါးနွီးနှင့် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်စောချစ်သူတို့မှ အမှာစကားပြောကြားခဲ့ကြပြီး ဆရာ/ဆရာမများမှ မိမိတို့လိုအပ်သည်များကို တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ထို့နောက် ကျောင်းပေါင်း(၅၆)ကျောင်းမှ ဆရာ/ဆရာမ (၅၅၁)ဦးအတွက် ငွေသား (၁၆၅၃၀၀၀၀၀)ကျပ်၊ ဆန်(၁၀၀၀)အိတ်၊ ဆီ(၅၅၀)ပုံး၊ အချိုမှုန့် (၅၀)ဖာ တို့ကိုပံ့ပိုး ကူညီခဲ့ပါသည်။ ထို့အပြင် ကျောင်းအသီးသီးမှ လိုအပ်သော ရန်ပုံငွေများကိုလည်း ကူညီပံ့ပိုးပေးသွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောဖိုးခွါး(ပြန်/ဆက်)