စလင်းမြို့နယ် တောစိမ့်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

စလင်း ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တောစိမ့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် ပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့် လူမှောင်ခိုမှုအန္တရာယ်များကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက တောစိမ့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပရာ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်သင်းသင်းခိုင်နှင့် ဝန်ထမ်းများ အမျိုးသမီးရေးရာအဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန္တာအောင် ဥပဒေအရာရှိ ဦးသက်လင်းဦးနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ဒုတိယဥပဒေအရာရှိ ဦးသက်လင်းဦးက မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျေးရွာများမှ ကျေးလက်နေပြည်သူများအနေဖြင့် လူကုန်ကူးမှု၊ လူမှောင်ခိုခံရမှု မဖြစ်ပေါ်စေရေးအတွက် တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် လူကုန်ကူးမှုဖြစ်ပေါ်လာပါက သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန္တာအောင်က လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ် တစ်ဦးဦးသည် အခြားသူတစ်ဦး တစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းပြုလုပ်ရန်အလို့ငှာ ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း လူကုန်ကူးမှုလုပ်ဆောင်ရာတွင် ဆောင်ရွက်သည့် နည်းလမ်းများ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု ခြားနားချက်၊ ခေါင်းပုံဖြတ်ခြင်း လုပ်ရပ်များ လူကုန်ကူးမှုဆိုင်ရာ လုပ်ဆောင်ချက် နည်းလမ်းများနှင့် ရည်ရွယ်ချက်များ၊ လူကုန်ကူးမှုပြစ်ဒဏ်များ၊ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသများတွင် တွေ့ရသော လူကုန်ကူးမှုပုံစံများနှင့် လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အကြောင်းအရာများ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကို ဟောပြောခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)