လွိုင်ကော်မြို့၌ ၂၀၂၃ ခုနှစ် ကယားပြည်နယ် မိုးရာသီ သစ်ပင်စိုက်ပွဲကျင်းပ

လွိုင်ကော် ဇွန် ၂၃

ကယားပြည်နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန် နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာပူးပေါင်းပါဝင်လာစေရန်အတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ကယားပြည်နယ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(လွိုင်ကော်)ဝင်းအတွင်း ဆောင်ရွက်ရာ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ နည်းပညာတက္ကသိုလ်(လွိုင်ကော်)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများ၊ ကယားပြည်နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(လွိုင်ကော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာခိုင်ဇော်နိုင်၊ ကယားပြည်နယ်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောဗဟိဏ်း၊ လွိုင်ကော်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိုက်လွင်ဦးတို့က ပျိုးပင်များအား ပေးအပ်၍ တက်ရောက်လာကြသူများနှင့်အတူ ပျော်ရွှင်စွာဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့သည်။

ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးများ၊ အဖိုးတန် သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့်အပင်များ၊ ကြီးမြန် သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ ဖြစ်သည့် မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ကျွန်း၊ ခါတော်မီ၊ ဆီသပြေ၊ ပျဉ်းကတိုး၊ သပြေဘူတ စသည့်သစ်မျိုး(၁၀)မျိုး စုစုပေါင်း (၆၀၀)ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။

ခရိုင် (ပြန်/ ဆက်)