ကန့်ဘလူ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ၏ နေ့စဥ်လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ စားသောက်ကုန်များကို ပြင်ပစျေးနှုန်းများထက် လျော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့ အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဘုန်ထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လာရောက် ဝယ်ယူကြသူ ပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည်၊ ဆီ ၅ ကျပ်သားနှင့် ကြက်ဥနှစ်လုံးစသည့် ပစ္စည်းသုံးမျိုးတို့ကို ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါခန်းမ၌ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသသူပြည်သူများအား အခမဲ့ ကျန်းမာရေးစစ်ဆေးကုသပေးခြင်း ဆောင်ရွက် ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က လာရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)