ငဖဲမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်

ငဖဲ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ( Biometric ) အချက်အလက်များကောက်ယူခြင်းကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နိုင်ငံ့ဝန်ထမ်းများနှင့်  ၎င်းတို့မိသားစုဝင်များ၏ (Biometric) ဆိုင်ရာအချက်အလက်များ စိစစ်ကောက်ယူခြင်းနှင့် လိုအပ်သည့် ဓါတ်ပုံရိုက်ကူးရယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော ဌာနဆိုင်ရာရုံးများမှ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များနှင့် မိသားစုဝင်များ၊ အခြေခံပညာကျောင်းများရှိ အသက်(၁၀)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းကိုနေ့စဉ် သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် အချက်အလက်များ ကောက်ယူရန်လာရောက်ဆောင်ရွက်သူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာရမည်ဖြစ်သည်။

ဇီဝဆိုင်ရာအချက်အလက် (Biometric)  ကောက်ယူပြီးသူများ၏ (Biographic Data) နှင့်  (Biometric Data) များကို  (Database) တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့်    (Unique  ID) နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ပြီး အဆိုပါလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)