ကျွန်းလှ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နေကြာသီးနှံများစိုကိပျိုးကြပြီး မြေပဲကို မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ စိုက်ပျိုးကြကြောင်း သိရသည်။
“ဒီနှစ် ကျွန်းလှမြို့နယ်မှာ မိုးမြေပဲစိုက်ပျိုးရန် ဧက ၇၀၀၀ ကျော် လျာထားပါတယ်။ မြေပဲစိုက်ပျိုးရာမှာ မိုးရွာသွန်းမှုပေါ်မူတည်ပြီး မေလက စတင်စိုက်ပျိုးကြပါတယ်။ တောင်သူတွေက မိုးမြေပဲကို ဆောင်းမြေပဲအတွက် မျိုးအဖြစ်အဓိကထား စိုက်ပျိုးကြပါတယ်။ လျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးနေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောပြသည်။
အဆိုပါ မိုးမြေပဲစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများကျင်းပခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယာမြေဧက ၄၈၀၀၀ ဧကရှိပြီး ယခုနှစ် မိုးမြေပဲစိုက်ပျိုးရန် ၇၂၁၀ ဧကလျာထားကြောင်း လက်ရှိအချိန်ထိ ၄၅၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)