ဟားခါး ဇွန် ၂၃
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကား ပြောကြားရာတွင် ယခုအချိန်သည် စိုက်ပျိုးရေးရာသီဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်ရန် အရေးကြီးသည့် ကာလဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းသည် အချိန်မရွေး ဆောင်ရွက်နိုင်သည့် လုပ်ငန်းမျိုးမဟုတ်ဘဲ သူ့ရာသီအလိုက် ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်သည့်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အားထည့်ကြိုးပမ်း ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် ချေးငွေများကို ဒုတိယ (၆) လပတ်အတွက် ထုတ်ချေးခဲ့ပြီးဖြစ်သလို ဆက်လက်၍ ထုတ်ချေးပေးမည်ဖြစ်သဖြင့် အလားအလာရှိသည့် မြို့နယ်များ ကျန်ရှိမှုမရှိစေရေးအတွက် စနစ်တကျ ပြန်လည်စိစစ် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အခြားကဏ္ဍများတွင်လည်း အကျိုးသက်ရောက်မှုများ ရှိလာမှာဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် ကြီးကြပ်မှုကော်မတီများ၏ အခန်းကဏ္ဍသည် အဓိကကျသဖြင့် တာဝန်ရှိသူ အဆင့်ဆင့်မှ အနှောင့်အယှက် အကန့်အသတ်များကြားထဲက အကောင်းဆုံး အားထည့်ကြိုးပမ်း ကြပ်မတ် ဆောင်ရွက်စေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က စိုက်ပျိုုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ လုံခြုံရေးကန့်သတ်ချက်များ ရာနှုန်းပြည့်ရှိမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ဒေသဖွံ့ဖြိုးရေးအတွက် နစ်နာမှုများရှိလာမည်ဖြစ်၍ ကန့်သတ်ချက်များထဲမှ ဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်လို ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ကုန်းမြင့်လယ်ယာဦးစီးဌာနနှင့် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြံပြုဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)