မင်းဘူးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မင်းဘူး ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အ.ထ.က (ခွဲ) မြို့မကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တူးက အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ကျောင်းသားလူငယ်လေးများအား အားလပ်သည့် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် မိမိတို့၏ ကျောင်းစာများအပြင် လူငယ်များအတွက် ဗဟုသုတရရှိစေမည့် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်းနှင့် ဆောင်းပါးများအား ဖတ်ရှုကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းက လူငယ်များအတွက် အားကစားသည် ပုံမှန်လေ့ကျင့် ကစားပေးပါက ကျန်းမာရေးနှင့်ညီညွတ်သကဲ့သို့ ကြိုးကြိုးစားစား ကစားပါက ထွန်းပေါက်သော လူငယ်အားကစားသမားများဖြစ်ကာ မိမိနှင့် မိမိနိုင်ငံအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က စားသောက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်သည့် ရက်စွဲ၊ သုံးစွဲပုံ၊ သုံးစွဲနည်း ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများနှင့် ဓါတ်မတည့်သည့်‌ ဖော်ပြချက်များ ပါ၊ မပါကို ရှင်းလင်းပြောကြားကာ Grade-11 နှင့် Grade -10 မှ ကျောင်းသား၊ ကျောင်းသူလေးများဖြစ်ကြသော မဆုရည်က “လူငယ်နှင့် စာပေ”၊ မောင်သူရဇော်က “လူငယ်နှင့် အားကစား”၊ မဖြူဖြူကျော်က “လူငယ်နှင့် ကျန်းမာရေး”နှင့် မောင်ဖိုးကျော်က “လူငယ်နှင့် မူးယစ်ဆေး” ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေး မေးမြန်းကြသကဲ့သို့ ခရိုင်အားကစားမှူး ဒေါ်နှင်းယုဇမ်နှင့် မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းတို့က ကျောင်းသား၊ ကျောင်းသူလေးများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး ဒေါ်နှင်းယုဇမ်က အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ  ကျောင်းအုပ်ဆရာမကြီး ဒေါ်တူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)