မင်းဘူးမြို့၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်တားဆီးရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

မင်းဘူး ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု တားဆီးကာကွယ်ရေးအတွက် မဲ့၊ ခြင်၊ ယင်နှင့် ပိုးလောက်လမ်းများ မပေါက်ပွားစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စည်ပင်သာယာ မြို့မဈေးကြီးအတွင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ အမှတ် ၃၊ ၄ အုပ်ချုပ်ရေးမှူးများနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များလိုက်ပါ၍ ဈေးသူ၊ ဈေးသားများ သုံးစွဲနေသော ရေအိုးများ၊ ရေစည်ပိုင်းများ အဖုံးအုပ်ထားခြင်း ရှိ၊ မရှိ ဘုရားပန်းအိုးများ၊ ညောင်ရေအိုးများ၊ သောက်ရေအိုးများအား ရေစစ်ဖြင့် စစ်ခြင်း၊ နေ့စဉ်လဲလှယ်ခြင်း ရှိ၊ မရှိတို့ကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် စစ်ဆေး၍ ဈေးသူ၊ ဈေးသားများ နေ့စဉ်အသုံးပြုနေသည့် ရေကန်များ၊ ရေစည်ပိုင်းများနှင့် စင်းအိုးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဘိတ်ဆေး ခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)