ဝေါမြို့နယ်၌ တိရိစ္ဆာန်အစာနေပီယာမြက်သရုပ်ပြစိုက်ခင်းစိုက်ပျိုးပွဲကျင်းပ

ဝေါ ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကန်တော်ရပ်ကွက်ရှိ တောင်သူ ဦးတန်ပီ၏ ကုန်မြင့်လယ်ယာမြေတွင် ယမန်နေ့နံနက် ၁၀ နာရီက တိရိစ္ဆာန်အစာနေပီယာမြက် သရုပ်ပြစိုက်ခင်းစိုက်ပျိုးပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ဝေါမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာချစ်ဇော်ဦးက တိရိစ္ဆာန်အစာနေပီယာမြက် သရုပ်ပြစိုက်ခင်းစိုက်ပျိုးရခြင်းနှင့် နို့စားနွားများအတွက် စားကျက်လိုအပ်ချက်၊ နေပီယာမြက်ကို အသားဓာတ်မြင့်မားဆုံး အချိန်ဖြစ်သည့် (၄၅)ရက်သားတွင် ခုတ်ယူကျွေးမွေးပါက အကောင်းဆုံးဖြစ်ပြီး မြက်ချဥ်ဖက်ပြုလုပ်၍ လည်းကျွေးမွေးနိုင်ပြီး အရသာ ကောင်းမွန်မှုကြောင့် ကျွဲ၊ နွားများ နှစ်သက်စွာစားသုံးနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူဦးတန်ပီအား နေပီယာမြက်တစ်ဧက စိုက်ပျိုးရန်အသိပညာပေးလက်ကမ်းနှင့် နေပီယာမြက်ပျိုးပင်များအား ပေးအပ်ခဲ့သည်။

ထို့နောက် ဝေါမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာချစ်ဇော်ဦးနှင့်ဝန်ထမ်းများက တောင်သူများနှင့်အတူ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ ဆက်)