စလင်း ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ စည်ပင်သာယာမြို့မစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် မုန့်ဆိုင်၊ ကုန်စုံဆိုင်များအား မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးဆန်းလင်းမောင်နှင့် ဝန်ထမ်းများ စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဦးနန်းဦးမောင်နှင့် စျေးတာဝန်ခံ ဦးညီညီစန်း စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ် (၃)မျိုးအား စျေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
စလင်းမြို့နယ် စည်ပင်သာယာစျေးကြီးအတွင်း၊ အပြင် ကုန်စုံဆိုင် မုန့်ဆိုင်များအား ကွင်းဆင်း စစ်ဆေးရာတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရောင်းချလျက်ရှိသည့် ဆိုင်ရှင်များနှင့် စျေးရောင်းချသည့် အမျိုးသမီးများအနေဖြင့် တားမြစ်ဓာတုပစ္စည်း ပါဝင်နေသော စားသုံးရန်မသင့်သည့် အစားအသောက်အမှတ်တံဆိပ်ပစ္စည်း (၃)မျိုးမှာ fruity ဂျယ်လီ၊ ကောင်းထက်စံယိုစုံ၊ ရွှေမိယိုစုံတို့အား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် ရောင်းချခြင်းမပြုရန် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည့် ပြစ်မှု၊ ပြစ်ဒဏ်များကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)