ရှမ်းရွာသစ် ဇွန် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်၊ ဇီဇဝါလမ်းရှိ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို မေလ ပထမပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ၊ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၉.၉၈၀) သန်းဖြင့် အရှည်(၆၂၄)ပေ၊ အကျယ်(၂)ပေ၊ အမြင့်(၂)ပေရှိ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် (၆၀)ရာခိုင်နှုန်းပြီးစီး ပြီဖြစ်ကြောင်း အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါက ရေနှုတ်မြောင်းများ ယခင်ကထက် ရေစီးရေလာ ပိုမိုကောင်းမွန်ပြီး ဒေသဖွံ့ဖြိုးတိုးတက်လာမည်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး (ပြန်/ဆက်)