ရှမ်းရွာသစ် ဇွန် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား လူငယ်လေးများ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်း (၉) နာရီ အချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လုပ်ငန်းတွင် မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကလေးသူငယ်များအား ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောပြီးနောက် ကလေးအလုပ်သမား ဟူသည်အဘယ်နည်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒါဏ်များ၊ ကလေးအလုပ်သမား လျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ကလေးများ လုပ်သော အလုပ်နှင့် ကလေးသူငယ်အခွင့်အရေးများ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အချက်အလက်များဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူ ကလေးသူငယ်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ထို့နောက် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေး၏ ရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမား၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန် ကလေးများအား ကလေးအလုပ်သမားဖြစ်စေခြင်းမှ ကာကွယ်ကြပါစို့၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)