လှိုင်းဘွဲမြို့ပြည်သူ့စာကြည့်တိုက်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အကြို Talk Show ဆွေးနွေးပွဲဆောင်ရွက်

လှိုင်းဘွဲ  ဇွန် ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲစကားဝိုင်းကို ယမန်နေ့ညနေ(၂)နာရီအချိန်က မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့်ပူးပေါင်း၍   ပြုလုပ်ခဲ့ကြသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲစကားဝိုင်း၌  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ၂၀၂၃ ခုနှစ်၊ဇွန်လ(၂၆)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြင့်  ကျင်းပခဲ့သည်မှာ (၃၆)နှစ် တိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးများအန္တရာယ်ဆိုးကျိုးများအကြောင်းကို   ဆွေးနွေးပွဲစကားဝိုင်းအဖြင့် ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းပြခဲ့သည်။

ထို့နောက် မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း   ဥက္ကဋ္ဌ   ဦးဌေးဝင်းက မြန်မာနိုင်ငံ အတွင်းသို့ မူးယစ်ဆေးဝါးများ စတင်ရောက်ရှိလာခဲ့ပုံသမိုင်း၊  ကမ္ဘာ့နိုင်ငံအသီးသီးနှင့်  မြန်မာနိုင်ငံမှ ရှေးဘုရင်မင်းဆက်များ၊ ခေတ်အဆက်ဆက်မှ နိုင်ငံတော်အစိုးရများက  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဥပဒေများပြဌာန်း၍   မူးယစ်ဆေးဝါးသုံးစွဲသူ၊ ရောင်းဝယ်သူ၊ ထုတ်လုပ်ဖြန့်ဖြူးသည့်  ပြစ်မှုကျူးလွန်ကြသူများအား ဖမ်းဆီးအရေးယူ အပြစ်ပေးသော ပြစ်မှု၊ ပြစ်ဒဏ်များ၊၂၀၁၆ မှ ၂၀၂၅အထိ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အာဆီယံလုပ်ငန်း စီမံချက်တွင်ပါဝင်ခဲ့ပုံ၊ ၂၀၁၇ ခုနှစ်တွင် လူငယ်ရေးရာမူဝါဒပါ  မူးယစ်ဆေးဝါးနှင့်  ပတ်သက်သောအစီအစဉ်များ  ပြဋ္ဌာန်းပေးခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးရှင်းပြခဲ့သည်။

မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ ရုံးအဖွဲ့မှူး ဦးလင်းခိုင်က မူးယစ်ဆေးဝါးများ၏ ဆိုးကျိူအန္တရာယ်များနှင့် မူးယစ်ဆေးဝါးကြောင့်တိုင်းပြည်၏ လူသားအရင်းအမြစ်မပျက်စီး၊ မရှုံးဆုံးစေရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကပူးပေါင်း၍ ဝိုင်ဝန်း လက်တွဲတိုက်ဖျက်ကြရမည့်အကြောင်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)