လိပ်သို ဇွန် ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် မြို့သာယာလှပရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၅၆.၄) သန်း ဖြင့် အပိုင်း(၃)ပိုင်း ခွဲ၍ လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်ဌာနဆိုင်ရာ ရုံးကုန်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဇွန်လဆန်းမှ စ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၈၅%) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းမှာ တောင်ငူ-လိပ်သို-လွိုင်ကော် ပြည်ထောင်စုလမ်း မာဒေးသို့သွားသော ကွန်ကရစ်လမ်းတို့နှင့် ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး အပိုင်း(၃) ပိုင်းပေါင်း အရှည် (၁၁၂၈) ပေ၊အကျယ် (၁၄) ပေ၊ ထု (၆) လက်မရှိသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လမ်းခင်းခြင်း လုပ်ငန်းများ ပြီးစီးပါက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ မာဒေးကျေးရွာမှ ပြည်သူများ၊ မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်မည့်အပြင် ယခင်ကထက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူလာမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)