ပခုက္ကူမြို့တွင် သဘာဝဘေးအန္တရာယ်နှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပခုက္ကူ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က သဘာဝဘေးအန္တရာယ်နှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ပထမဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်‌နေချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ရုံး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေက မုန်တိုင်းအန္တရာယ်၊ မီးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ ရေးဘေးအန္တရာယ် စသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှု၊ ရှောင်ရန်ဆောင်ရန်အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး လက်တွေ့သရုပ်ပြမှုများကို ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပခုက္ကူခရိုင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က မိဘနှင့် သား/သမီးကြား ထားရှိရမည့် ဂါရဝတရားများ၊ ဆရာနှင့်တပည့်ကြားထားရှိရမည့် ဂါရဝတရားများ၊ လူငယ်များလိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်ငါးဖြာ၊ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်နှင့်သဘာဝ‌ဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နံရံကပ်စာစောင် ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဇော်(ဓာတု)