ပြည် အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင်(တာဂွ)လမ်းဆုံစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ်ရေး စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က နေ့/ညမပြတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါဂိတ်တွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်နှင့် သဲကုန်းမြို့နယ်တို့မှ ပြည်မြို့သို့ ဝင်ထွက်သွားလာသည့် ကုန်တင်ကားကြီးများအပါအဝင် မော်တော် ယာဥ်များနှင့် မော်တော်ဆိုင်ကယ်များကို ယာဥ်နံပါတ်၊ယာဥ်မောင်းအမည်၊ နေရပ်လိပ်စာနှင့်ဖုန်းနံပါတ်၊ သွားရောက်မည့်နေရာတို့ကိုစစ်ဆေးမေးမြန်း၍မှတ်တမ်းရေးသွင်းခြင်း၊ယာဥ်ပေါ်ပါသူအားလုံးကို သက်ဆိုင်ရာဒေသအလိုက်အုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများ၏ ခရီးသွား ထောက်ခံချက်နှင့် ကျန်းမာရေးထောက်ခံချက်များ ပါ/မပါစစ်ဆေးခြင်းတို့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့က နေ့/ညမပြတ် အဆိုင်းသုံးဆိုင်းဖြင့် ကြပ်မတ်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းနှင့်ပြည်မြို့တွင် နဝဒေးတံတားဂိတ်နှင့် (ဆင်မကြပ်)လမ်းဆုံဂိတ်တို့တွင်လည်း ခရိုင်အတွင်းမြို့နယ် များနှင့်နှင့်အခြားအရပ်ဒေသအသီးသီးမှ ဝင်ထွက်သွားလာခြင်းများကို အလားတူစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)