ဆင်ပေါင်ဝဲမြို့နယ် နိုင်ငံ့ဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး

ဆင်ပေါင်ဝဲ ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးစောလှမောင်၏ လမ်းညွှန်မှုဖြင့် ဆင်ပေါင်ဝဲမြို့နယ်ရုံး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ခန်းမအတွင်း၌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀)နှစ် နှင့်အထက် နိုင်ငံသားတို့၏ Biographic Dataနှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique lD နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့နယ် နိုင်ငံ့ဝန်ထမ်းများအား ဇီဝဆိုင်ရာအချက် အလက်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများကိုလည်း ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးထံမှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)