ကျိုက်လတ် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ ငုရွှေဝါခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးအသိပညာပေး ဟောပြောပွဲများကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖျာပုံခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်ဦးအောင်ထွန်းဦးက လူကုန်ကူးမှုဖြစ်ပွားနေမှုအခြေအနေများ၊ လူကုန်ကူးခံရမှုကြောင့်ခံစားရသည့် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှု ဖြစ်စဉ်များကို ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းသိန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လဲ့လဲ့ရီနှင့် မြို့နယ်ဌက်ဖျားတိုက်ဖျက်ရေး ဦးစီးဌာနမှဦးနိုင်နိုင်ထွန်းတို့က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ သောက်ရေ၊ သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများကိုဟောပြောခဲ့ပြီး သွေးလွန်တုပ်ကွေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတရစေသည့်မေးခွန်းများအား ကျောင်းသား၊ ကျောင်းသူများအား မေးမြန်း၍ လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ် (ပြန်/ဆက်)