ကျိုက်လတ် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ငုရွှေဝါခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေး အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖျာပုံခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ် ဦးအောင်ထွန်းဦးက လူကုန် ကူးမှုဖြစ်ပွားနေမှု အခြေအနေများ၊ လူကုန်ကူးခံရမှုကြောင့် ခံစားရသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာ ဆိုးကျိုးများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှု ဖြစ်စဉ်များကို ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းသိန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ရီနှင့် မြို့နယ်ဌက်ဖျားတိုက်ဖျက်ရေး ဦးစီးဌာနမှ ဦးနိုင်နိုင်ထွန်းတို့က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ သောက်ရေ၊ သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းများကို ဟောပြော ခဲ့ပြီး သွေးလွန်တုပ်ကွေးနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတရစေသည့် မေးခွန်းများအား ကျောင်းသား၊ ကျောင်းသူများအား မေးမြန်း၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
ကျိုက်လတ်(ပြန်/ဆက်)