ပဲခူး ဇွန် ၂၂
ပဲခူးမြို့၊ တိုင်းဒေသကြီး ငါးလုပ်ငန်းသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသည် မိမိတို့ တိုင်းဒေသကြီးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံကျသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ လူသားဘဝရပ်တည်ရေးတွင် အဓိကကျသည့် စားဝတ်နေရေးအတွက် အဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံသည့် အစားအစာများကို ထုတ်ယူစားသုံးခြင်းဖြင့် လူသားများကျန်းမာသန်စွမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးတွင် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံပိုလျှံစေရေးအတွက် မွေးမြူရေးငါး လုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်မည့် ငါးမွေးမြူရေးစနစ်များကို လေ့လာကျင့်သုံးခြင်း၊ ထုတ်လုပ်ရရှိသော ငါးများကိုအခြေခံ သွင်းကုန်အစား တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ် အလိုက် ငါးရိက္ခာ ဖူလုံစေရေးအတွက် သဘာဝမြစ်ချောင်း၊ အင်းအိုင်များတွင် သဘာဝတိုင်းရင်း ငါးမျိုးများကို စည်းကမ်းတကျ ဖမ်းဆီးရန်၊ အလွန်အကျွံ ဖမ်းဆီးခြင်းမပြုရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများကို ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခုသင်တန်းမှာ သဘာဝငါးမျိုး ပြုန်းတီးမှုမရှိစေရေးနှင့် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး တိုင်းရင်းငါးမျိုးများ သုတေသနပြု စမ်းသပ်သားဖောက်ထုတ်လုပ်ခြင်းအား စာတွေ့/လက်တွေ့ သင်ကြားပေးမည်ဖြစ်၍ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကြိုးစားသင်ယူစေလိုကြောင်းနှင့် မြန်မာ့တိုင်းရင်း ငါးမျိုးစိတ်များကိုလည်း သိပ္ပံနည်းကျ စနစ်တကျမွေးမြူနိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သင်တန်းနည်းပြများ၊ ကျောင်းသား/ကျောင်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းတွင် လက်တွေ့သင်ကြားမည့် သဘာဝတိုင်းရင်းငါးသားပေါက်များဖြစ်သော ငါးပြေမ၊ ငါးခူ၊ ငါးခုံးမကြီးတို့အား ငါးမွေးကန် အတွင်းပြုစု ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါအခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသား ဖောက်သင်တန်းအား ဇွန်လ(၂၂)ရက်နေ့မှ ဇွန်လ(၂၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကာ ငါးလုပ်ငန်းဦးစီးဌာနက ပဲခူးတက္ကသိုလ်မှ Zoology Major နောက်ဆုံးနှစ် ကျောင်းသား/သူ(၃၀)ဦးအား စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)