ယင်းမာပင် ဇွန် ၂၂
ယင်းမာပင်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဆဋ္ဌဂံအိပ်မက်စာအုပ်မှ စာရေးဆရာသိုက်စိုးထွန်း (နတ်ရွာ)၏ “တစ်ဝမ်း တစ်ခါး” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန့်က အဖွင့်အမှာစကား ပြောကြားပြီး စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ မိမိတို့ ငယ်စဉ်က စာအုပ်ဆိုင်များတွင် အခကြေးငွေဖြင့် သွားရောက် ငှားရမ်းဖတ်ရှုရကြောင်း၊ ယခုဆိုလျှင် ပြန်/ဆက်ဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များတွင် စာအုပ်မျိုးစုံရှိသည့် အတွက် မိမိတို့အလွယ်တကူ အခမဲ့ ငှားရမ်းဖတ်ရှုနိုင်သည့်အတွက် စာပေဖတ်ရှုကြဖို့လိုကြောင်း တို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဝင်းက Book Club ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်များကို လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်သက်ထားအောင်က “တစ်ဝမ်းတစ်ခါး” ဆောင်းပါးနှင့် ပတ်သက်၍ စာရေးသူဝန်ထမ်းဖြစ်သည့်အချိန်တွင် သူ၏ဝင်ငွေနှင့် သစ်သီးရောင်းသည့် သူငယ်ချင်း၏ ဝင်ငွေနှင့်ကွာခြား သော်လည်း ၎င်း၏ဝန်ထမ်း အလုပ်ကို တစိုက်မတ်မတ် ကြိုးစား ဆောင်ရွက်ခဲ့သည့်အတွက် ယခုအခါတွင် အလယ်အလတ်အဆင့် အရာရှိကြီးအဖြစ် အောင်မြင်တိုးတက်နေပြီဖြစ်ကြောင်း၊ လူတိုင်းဟာ မိမိတို့ရဲ့ အလုပ်ကို ဇွဲရှိရှိနဲ့ ကြိုးစား ဆောင်ရွက်ပါက စာရေးသူကဲ့သို့ အောင်မြင်တိုးတက်သူများ ဖြစ်လာနိုင်ကြောင်းတို့ကို လည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်