ပဲခူး ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့သည် ယနေ့နံနက်ပိုင်းက ပဲခူးတက္ကသိုလ်ဧရိယာအတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။
ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတက္ကသိုလ်အတွင်းရှိ Community Center and Gymnasium အဆောက်အဦများ ပတ်လည်တွင် အရိပ်ရပန်းအလှပင်နှင့် အဖိုးတန်သစ်မျိုး အစရှိသည့် သစ်မျိုး(၉)မျိုး၊ အပင်ပေါင်း(၅၁၂)ပင်အား စုပေါင်းစိုက်ပျိုးပေးခြင်းအားဖြင့် ရုက္ခဗေဒ ဘာသာရပ် သင်ကြားနေသည့် တက္ကသိုလ် ဆရာ/ဆရာမများ၊ ဆည်းပူးလေ့လာနေသည့် ကျောင်းသား/သူများအတွက် အနီးကပ် ဆည်းပူးလေ့လာနိုင်စေရေး စိုက်ပျိုးပေးရခြင်း ဖြစ်ကြောင်း၊ သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက် ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ပေးခြင်းသည် လူသား အကျိုး စီးပွားအပြင် နောင်အနာဂတ်အတွက် ကောင်းမွန်သော လူ့မှုဘဝပတ်ဝန်းကျင်ကို ပုံဖော်ပေးခဲ့ခြင်းဖြစ် ကြောင်း၊ ဟေဂစနစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း အဓိကဗဟိုချက်သည် သစ်တော သစ်ပင်များ စိုက်ပျိုးပေးခြင်း၊ ပြုစုပျိုးထောင်ပေးခြင်းဖြစ်ကြောင်း၊ သစ်တောဂေဟစနစ်မှ လူသားများအတွက် လိုအပ်သော အစားအစာနှင့် နေထိုင်မှုဘဝကို အထောက်အပံ့များ ပေးသည့်အပြင် သန့်ရှင်းသော လေ၊ ရေတို့နှင့် ရာသီဥတုကို မျှတကောင်းမွန်စေရန် ထိန်းညှိပေးပြီး ဇီဝမျိုးစုံမျိုးကွဲများ မှီတင်းနေထိုင်ရာ ဒေသရပ်ဝန်း တစ်ခုကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်းနှင့် သစ်တောသစ်ပင်များ ပြုန်းတီးပါက လူအပါအဝင် သက်ရှိများ ပျက်စီးနိုင်သဖြင့် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီး၌ သစ်ပင်များစိုက်ပျိုးပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပဲခူးတက္ကသိုလ် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၏ သစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှု အားပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီး၌ ၂၀၂၃ ခုနှစ်၊ မေလ၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ(၂၃)ပွဲ၊ သစ်ပင်ပေါင်း(၁၀၇၁၅)ပင် စိုက်ပျိုးပေးနိုင်ခဲ့ပြီး၊ ဇွန်လနှင့်ဇူလိုင်လအတွင်း မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ(၂၄)ပွဲနှင့် သစ်ပင်ပေါင်း(၁၄၅၂၀)ပင် စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သတင်းရှိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)