ပခုက္ကူ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်အကြောင်းအသိပညာပေး (Talk Show)ပွဲ အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေး (Talk Show)ပွဲအစီအစဉ်တွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “ပလတ်စတစ်၏ အဓိပ္ပါယ်၊ ပလတ်စတစ်ထုတ်လုပ်မှုအခြေအနေများ၊ မျက်မှောက်ကာလများ၌ ပလတ်စတစ်ကို စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေမှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေများ၊ မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် ကဏ္ဍပေါင်းစုံမှစီမံချက်များ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအကြောင်းကိုလည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်ဇင်မာအောင်က ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်နှင့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ အဏ္ဏဝါဂေဟစနစ်ညစ်ညမ်းမှု၊ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှု စသည့် လူမှုစီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ ပလတ်စတစ်ညစ်ညမ်းမှု တားဆီးကာကွယ်နိုင်ရေးအတွက် လိုက်နာကျင့်သုံးရမည့် လျှော့ချသုံးစွဲခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းစသည့် (3Rs)စနစ်အကြောင်းတို့ကိုလည်းကောင်း၊ ယာယီနေ့စားဝန်ထမ်း ဒေါ်အေးမြတ်မွန်တို့က “ပလတ်စတစ်သုံးစွဲမှု လျော့ချခြင်းဖြင့် ခံစားရရှိနိုင်မည့် ကျန်းမာရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကောင်းကျိုးများ၊ အနာဂတ်လူ့ဘောင်အဖွဲ့အစည်း သန့်ရှင်းသာယာလှပပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ပြည်သူအားလုံးပူးပေါင်း ဆောင်ရွက်သင့်သည့် စည်းကမ်းချက်များအကြောင်းကိုလည်းကောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးကြသည်။
ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူမှုရေး၊ ကျန်းမာရေးဆိုင်ရာအကြောင်းအရာများ၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ နေ့ထူးနေ့မြတ်အကြောင်းအရာတို့ကို ပြည်သူလူထုနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ဟောပြောပွဲများ၊ အသိပညာပေး (Talk Show)ပွဲအစီအစဉ်များ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လေ့ရှိကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)