ကျွန်းလှမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

ကျွန်းလှ ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးဌာန တို့ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ကျွန်းလှ)၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း ကြောင့် ရရှိမည့်ဆိုးကျိုးများကို လည်းကောင်း၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သန်းမင်းထွန်းက မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းဖြင့် ပြစ်မှုပြစ်ဒဏ် များအကြောင်းတို့ကို အသိပညာပေး ဟောပြောကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ် စာစောင်၊ ဓါတ်ပုံများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ