တောင်ငူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကွင်းဆင်းဆောင်ရွက်

တောင်ငူ ဇွန် ၂၂

ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်သူဇာဝင်းက "မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်"ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး၊ ခရိုင်စားသုံးသူဦးစီးဌာနမှ သတင်းအချက်အလက်နှင့်နည်းပညာတာဝန်ခံ ဦးစောသန်းထိုက်ကျော်က  စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူကာကွယ်ပေးရေးအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူကာကွယ်ရေးအခွင့်အရေး(၈)ချက်တို့ကို ဟောပြောဆွေးနွေးခဲ့ကာ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများမှ ကြည့်ရှုလေ့လာကြသည်။ 

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား တောင်ငူခရိုင်ရုံးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများထံသို့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်