သရက် ဇွန် ၂၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ ခင်ဌေးမြင့်၊ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာညိုဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်သမဦးစီးမှူးနှင့် ကျေးလက်တိရစ္ဆာန်လုပ်သားများသည် ၂၀၂၃ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းရက်သတ္တပတ် အစီအစဉ်ဖြင့် ယနေ့ နံနက်(၁၁)နာရီက သဲဖြူကျေးရွာ တောင်သူ ဦးကြည်ဝင်းအောင် စိုက်ပျိုးနေသည့် အဆစ်ချနည်းဖြင့် နေဗီယာမြက် (Super leaf Napier) (၁)ဧက ကို စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးမှုစနစ်များကို အသိပညာပေး ပြောကြားခဲ့ကြသည်။
ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းများအတွက် အဟာရဓါတ်မြင့်မားပြီ အထွက်နှုန်းကောင်းမွန်သည့် အဆိုပါ ရွက်များနေပီယာ(Super leaf Napier) မြက်ကို စနစ်တကျစိုက်ပျိုး၍ တိရစ္ဆာန်များကို ကျွေးမွေးခြင်းသည် မိရိုးဖလာ သဘာဝမြက်များကို ကျွေးမွေးခြင်းထက် တိရစ္ဆာန်များ အဟာရပြည့်ဝစွာ ရရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစွာဖြင့် မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာပြီး အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များ ရရှိလာစေရန် ရည်ရွယ်၍ စိုက်ပျိုးပေးခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာညိုဝင်းထံက သိရသည်။
ဇော်ထက်(သရက်)