ပွင့်ဖြူ ဇွန် ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ယခုနှစ် မိုးရာသီတွင် ဒေသတွင်းရှိ တောင်သူများ မွေးမြူထားရှိသည့် ကျွဲ ၊ နွားတိရစ္ဆာန်များအတွက် အစာဖူလုံစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာတွင် တိရစ္ဆာန်အစာပင်(နေဗယာမြက်) တစ်ဧကို တောင်သူပညာပေး အကောင်အထည်ဖော် စိုက်ပျိုးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦးထံက သိရသည်။
အဆိုပါ တိရစ္ဆာန်အစာပင်(နေဗီယာမြက်) တောင်သူပညာပေးစိုက်ပျိုးခြင်းကို ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာနေ တောင်သူ ဦးနေအောင်၏ စိုက်ပျိုးလယ်မြေတွင် အကောင်အထည်ဖော် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ထိုသို့ တိရစ္ဆာန်အစာပင် (နေဗီယာမြက်) စုပေါင်းစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦးနှင့် ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ပါဝင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ယင်း တိရစ္ဆာန်အစာပင် (နေဗီယာမြက်) တောင်သူပညာပေး အကောင်အထည်ဖော် စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသတွင်းရှိ တောင်သူများ တစ်ပိုင်တစ်နိုင် ကျွဲ၊ နွားတိရစ္ဆာန်များ မွေးမြူလုပ်ကိုင်ရာတွင် လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့် စနစ်တကျ ပြောင်းလဲမွေးမြူပြီး ကြီးထွားဖွံ့ဖြိုးသော ကျွဲ၊ နွား တိရစ္ဆာန်များ ပိုမိုမွေးမြူထုတ်လုပ်နိုင်စေရန်၊ နေဗီယာမြက်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို ကောင်းစွာသိရှိကာ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာစေရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း အဆိုပါ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် နှစ်စဉ် ကျွဲနွားတိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေး ခွါနာ လျှာနာရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ ဒေါင့်သန်းရောဂါ စသည့် ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်း၊ အခြေခံတိရစ္ဆာန်မွေးမြူရေးဆိုင်ရာသင်တန်းများ အခမဲ့ဖွင့်လှစ် သင်ကြားပေးခြင်း၊ မျိုးကောင်းမျိုးသန့်နွားများကို မွေးမြူထိန်းသိမ်း၍ ဒေသခံပြည်သူများ ဝင်ငွေတိုးပွားစေရေး ဖြန့်ဖြူး မွေးမြူ လုပ်ကိုင်စေခြင်း၊ အိမ်မွေးတိရစ္ဆာန်များမှတစ်ဆင့် ကူးစက်ရောဂါမဖြစ်ပွားစေရေး အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်များကို ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )