တောင်ငူမြို့၌ မြစ်၊ ချောင်း၊ သဘာဝရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

တောင်ငူ ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က တောင်ငူမြို့၊ အမှတ်(၂၂)ရပ်ကွက်၊ စစ်တောင်းမြစ် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဦးနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်ငူမြို့၊ စစ်တောင်းမြစ် သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်း(၂)လက်မအရွယ် ငါးမျိုးပေါက် အကောင်(၅၀၀၀၀)၊ ငါးခုံးမကြီး(၂) လက်မအရွယ် ငါးမျိုးပေါက်အကောင်(၁၀၀၀၀၀)၊ ရွှေဝါငါးကြင်း (၂) လက်မအရွယ် ငါးမျိုးပေါက် အကောင်(၁၅၀၀၀၀)၊ စုစုပေါင်း ငါးမျိုးပေါက်အရေအတွက် အကောင် (၃၀၀၀၀၀)အား ငါးမျိုးစိုက်ထည့်ခြင်း ဆောင်ရွက်ခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာနက မြစ်၊ ချောင်း၊ သဘာဝရေပြင်များတွင် ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရန်၊ ငါးမျိုးစိုက်ထည့်ခြင်းအားဖြင့် စဥ်ဆက်မပြတ် ငါးလုပ်ငန်းဖွံဖြိုးတိုးတက်စေရန်၊ ဒေသအတွင်း သဘာဝမြစ်ချောင်းများတွင် ငါးမျိုးများ ရေရှည်စဥ်ဆက်မပြတ် တည်ရှိစေရန်၊ ငါးထုတ်လုပ်မှု တိုးတက်စေရန်၊ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန်နှင့် လူမှုစီးပွားမြင့်မားလာစေရန် ရည်ရွယ်၍ ငါးမျိုးပေါက်များ စိုက်ထည့်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း တောင်ငူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)